ရက်အကန့်အသတ်မရှိ ပိတ်သွားမည်ဖြစ်သော မင်္ဂလာတောင်ညွှန့်မြို့နယ်ရှိ ဈေးရုံကြီးများ




by Win May May Htay

Covid-19 ကပ်ရောဂါ ထိန်းချုပ်ကာကွယ်ရေးအတွက် ပြီးခဲ့သော စက်တင်ဘာလ (၁၂) ရက်နေ့မှ စတင်၍ မင်္ဂလာတောင်ညွှန့်မြို့နယ်ရှိ ယုဇနပလာဇာ၊ ရွှေမင်္ဂလာဈေးနှင့် ရွှေပြည့်စုံဈေးတို့အား ယာယီပိတ်ထားပြီး ပြန်ဖွင့်မည့် ရက်မှာ အတိအကျ မရှိသေးကြောင်း သိရသည်။

ဈေးအတွင်းရှိ အခြေခံဆိုင်များဖြစ်သော ဆေးဆိုင်များနှင့် စားသောက်ကုန်ဆိုင်များကိုမူ ယခင်အတိုင်း ဆက်လက်ဖွင့်ခွင့် ပေးထားလျက်ရှိပြီး ဆိုင်များအားလုံး ပြန်လည်ဖွင့်ခွင့်ပြုမည့် ရက်အတိအကျကို ပြန်လည်ကြေညာသွားမည် ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

ထို့ပြင် မင်္ဂလာတောင်ညွှန်မြို့နယ်၊ သိမ်ဖြူဈေးရှိ အထည်ဆိုင်များနှင့် လူသုံးကုန်ပစ္စည်း အရောင်းဆိုင်များကိုလည်း ရောင်းချခွင့် ပြုတော့မည် မဟုတ်ဘဲ သား၊ ငါး၊ စားသောက်ကုန်များကိုသာ ဖွင့်လှစ်ခွင့် ပြုမည်ဖြစ်ကြောင်း တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးလှဌေးမှ ပြောကြားသည်။

Lockdown မြို့နယ်အတွင်း ပါဝင်ကြောင်း ကြေညာချက် ထုတ်ပြန်ပြီးနောက်တွင် မင်္ဂလာတောင်ညွှန့် တစ်မြို့နယ်လုံးရှိ အဝတ်အထည်နှင့် လူသုံးကုန်ဆိုင်များအားလုံးကို ယာယီ ပိတ်ထားရမည်ဖြစ်ပြီး အစားအသောက်ဆိုင်များ အားလုံးကိုလည်း ပါဆယ်သာ ရောင်းချခွင့် ပေးထားကြောင်း ကိုယ်စားလှယ် ဦးလှဌေး၏ ပြောကြားချက်အရ သိရသည်။

ယခုကဲ့သို့ ယာယီပိတ်သိမ်းမှုသည် ဒုတိယအကြိမ်မြောက် ပိတ်ခြင်းဖြစ်ပြီး COVID-19 ပထမလှိုင်း ဖြစ်ပွားစဉ်ကလည်း ရောဂါထိန်းချုပ် ကာကွယ်နိုင်ရန် ဤကဲ့သို့ ပိတ်သိမ်းခဲ့ခြင်း ဖြစ်သည်။

ပိတ်သိမ်းရာတွင် အကြုံးဝင်သော ဈေးများမှာ ယုဇနပလာဇာ အပါအဝင် မင်္ဂလာမွန်စျေး၊ ရွှေမင်္ဂလာစျေး၊ မင်္ဂလာဈေး(ယာယီ) နှင့် ရွှေပြည့်စုံဈေး စသည်တို့ ပါဝင်ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် COVID-19 ကူးစက်ရောဂါ စတင်ပျံ့နှံ့ခဲ့သော မတ်လ (၂၃) ရက်နေ့မှ စတင်၍ ယခု စက်တင်ဘာလ (၁၄) ရက်နေ့အတွင်း MOHS ၏ ထုတ်ပြန်ချက်များအရ ရောဂါကူးစက်ခံရသူပေါင်း (၃,၀၁၅) ဦး ရှိနေပြီဖြစ်ပြီး သေဆုံးသူ လူနာပေါင်း (၂၆) ဦးနှင့် ကုသမှုခံယူ၍ ရောဂါကင်းစင်လာသူ (၆၉၉) ဦး ရှိနေပြီ ဖြစ်သည်။

Yangon Trend Read 180 times