နိုင်ငံတကာဗဟိုဘဏ်များ၏ ဒစ်ဂျစ်တယ်ငွေကြေး စိစစ်ရေးပလက်ဖောင်းအတွက် နည်းပညာများ ထောက်ပံ့မည့် Mastercard




by Win May May Htay

(၂၀၂၀) ခုနှစ် စက်တင်ဘာလ (၉) ရက်နေ့တွင် Mastercard သည် နိုင်ငံတကာ ဗဟိုဘဏ်များအတွက် ဗဟိုဘဏ်ဒီဂျစ်တယ်ငွေကြေး၊ Central Bank Digital Currencies (CBDCs) အသုံးပြုမှုများကို လွယ်ကူစွာ လုပ်ဆောင်နိုင်ရန် တရားဝင် အွန်လိုင်းစနစ် စိစစ်ရေးပလက်ဖောင်းအား ထုတ်လုပ်ပေးလိုက်ပြီဖြစ်ကြောင်း ကြေညာခဲ့သည်။

အဆိုပါ ပလက်ဖောင်းမှတဆင့် ဘဏ်များ၊ ငွေကြေးဝန်ဆောင်မှုပေးသော လုပ်ငန်းများနှင့် သုံးစွဲသူများအကြား ဗဟိုဘဏ်ဒီဂျစ်တယ်ငွေကြေး (CBDCs) ထုတ်လုပ်မှုနှင့် လဲလှယ်မှုတို့အား အချိန်နှင့်တပြေးညီ ကြည့်ရှုနိုင်မည်ဖြစ်သည်။

ထို့ပြင် Mastercard မှ

ဗဟိုဘဏ် ဒီဂျစ်တယ်ငွေကြေး (CBDCs) နည်းပညာ လုပ်ဆောင်ပုံများအား အသုံးပြုခြင်း၊
အသုံးပြုမှုမှတ်တမ်းအား အထောက်အထား ထုတ်ယူခြင်း၊
စီးပွားရေးလုပ်ငန်းများနှင့် consumer များ အသုံးပြုနေသော လက်ရှိငွေပေးချေရေးစနစ်များနှင့် ချိတ်ဆက်ခြင်း

စသည်တို့အတွက် အကူအညီများ ပေးသွားမည်ဖြစ်ပြီး ထိုအကူအညီများကို အကောင်အထည်ဖော်ရန်အတွက် ဗဟိုဘဏ်များ၊ ပုဂ္ဂလိကဘဏ်များ၊ နည်းပညာနှင့် ငွေကြေးအကြံပေး လုပ်ငန်းများအား Mastercard မှ ပူးပေါင်းပါဝင်ရန် ဖိတ်ခေါ်လျက်ရှိကြောင်း သိရသည်။

ထိုနည်းပညာ ပလက်ဖောင်းတွင်

ကတ်စနစ်များဖြင့် အချိန်နှင့်တစ်ပြေးညီ ငွေပေးချေခြင်း၊
Mastercard ကို အသုံးပြုနိုင်သည့် မည်သည့်နိုင်ငံတွင်မဆို ကုန်ပစ္စည်းများ၊ ဝန်ဆောင်မှုများကို ငွေပေးချေနိုင်ခြင်း၊
နည်းပညာတည်ဆောက်မှုအပိုင်းတွင် လုံခြုံစိတ်ချရစေရန် ခေတ်မီနည်းပညာသစ် များစွာအား ထည့်သွင်းဆောင်ရွက်ထားရှိခြင်း။

စသည့်စနစ်များစွာ ပါဝင်မည် ဖြစ်သည်။

ဗဟိုဘဏ်ဒီဂျစ်တယ်ငွေကြေး (CBDCs) စနစ်ဖော်ဆောင်မှုတွင် အစိုးရနှင့် ပုဂ္ဂလိက အဖွဲ့အစည်းအသီးသီး၏ ပူးပေါင်းလုပ်ဆောင်မှု အားကောင်းမည်ဆိုပါက ဗဟိုဘဏ်များသည် CBDCs နှင့် သက်ဆိုင်သော နည်းပညာအခွင့်အလမ်းများ၊ အထောက်အပံ့များစွာကို ရရှိနိုင်မည်ဖြစ်ပြီး နောင်ပေါ်ပေါက်လာမည့် အခွင့်အရေးများကို ကြိုတင်သိမြင်နိုင်စေမည့် သတင်းအချက်အလက်များကိုလည်း ရရှိနိုင်မည်ဖြစ်သည်။

အဆိုပါ အဆင့်မြင့် နည်းပညာဖြစ်သည့် အွန်လိုင်းစနစ်သုံး စိစစ်ရေး ပလက်ဖောင်းသည် ဗဟိုဘဏ်များအတွက် ဒီဂျစ်တယ်ငွေကြေး အသုံးပြုမှု မှတ်တမ်းများနှင့် ဗဟိုဘဏ်ဒီဂျစ်တယ်ငွေကြေး ထုတ်လုပ်မှုဗျူဟာများအား ဖော်ထုတ်ကာ ဗဟိုဘဏ်၏ ဒီဂျစ်တယ်ငွေကြေး ဂေဟစနစ်ကို ပေါ်ပေါက်စေရန် ရည်ရွယ်ထားသည်။

Business Read 267 times