(၇) နှစ်ကြာ သုတေသန ပြုလုပ်ပြီးမှ သိရှိခဲ့တဲ့ အောင်မြင်မှုရဲ့ လျို့ဝှက်ချက်များ




Richard St. John ဟာ တစ်နေ့မှာ TED Conference တစ်ခုကို တက်ရောက်ဖို့အတွက် လေယာဉ်စီးပြီး သွားခဲ့ပါတယ်။

သူ့ရဲ့ ဘေးနားမှာတော့ ဆယ်ကျော်သက် ကျောင်းသူလေး တစ်ဦး ထိုင်နေပါတယ်။ သူမက အရမ်းဆင်းရဲတဲ့ မိသားစု တစ်ခုက ဆင်းသက်လာပုံရပြီး သူမရဲ့ ဘဝမှာ ထူးခြားတဲ့ အရာတွေကို လုပ်လိုစိတ် ရှိပါတယ်။ 

သူမက အလွန်ရိုးရှင်းတဲ့ မေးခွန်းတစ်ခု မေးပါတယ်။ “ ဘာက အောင်မြင်မှုကို ရရှိစေနိုင်တာလဲ “ တဲ့။ Richard St. John တော်တော်လေး စိတ်ကျဉ်းကြပ်သွားပါတယ်။ ဘာကြောင့်လဲဆိုတော့ သူမကို အကောင်းဆုံး အဖြေတစ်ခု မပေးနိုင်ခဲ့တဲ့အတွက်ပါ။

လေယာဉ်ပေါ်က ဆင်းလာပြီးတဲ့နောက်မှာ TED Conference ကို သွားခဲ့တယ်။ သူဟာ နောက်ဆုံး အောင်မြင်တဲ့သူတွေချည်းရှိနေတဲ့ အခန်းကြီးရဲ့ အလယ်ကို ရောက်နေပါပြီ။ ဒါကြောင့် သူတို့ကို ဘာက အောင်မြင်မှု ရစေခဲ့တာလဲဆိုတာ မေးမြန်းဖို့ အတွေးရသွားခဲ့ပါတယ်။

အင်တာဗျုးပေါင်း ( ၅၀၀ ) ကျော်ကို ( ၇ ) နှစ်ကျော် ကာလအတွင်းမှာ သူ လုပ်ဆောင်ခဲ့ပြီးတဲ့နောက် ဘယ်အရာတွေက လူတစ်ယောက်ကို အောင်မြင်မှု ရရှိစေနိင်သလဲ ဆိုတာ သူ သိရှိခဲ့ရပါတယ်။ စုစုပေါင်း (၈) ချက် ရှိပါတယ်။

ပထမတစ်ချက်ကတော့ Passion ပါ။ အလုပ်တစ်ခုကို ပိုက်ဆံရဖို့သက်သက် မလုပ်ပါနဲ့။ ကိုယ်တစ်ကယ် ဝါသနာပါပြီး တစ်ကယ်လုပ်ချင်စိတ် ရှိမှသာ လုပ်ပါ။ တကယ် တစိုက်မတ်မတ်သာ လုပ်ရင် ငွေက သူ့အလိုလို ဝင်လာပါလိမ့်မယ်။ ဘယ်လောက်ပဲ ပင်ပန်းနေပါစေ၊ မိမိလုပ်ချင်တာကို လုပ်နေရတဲ့အတွက် အလုပ်လုပ်နေတယ်လို့ မတွေးမိတော့ပဲ အမြဲ ပျော်ရွှင်နေပါလိမ့်မယ်။

နောက်တစ်ချက်က Work ပါ။ ဒါပေမဲ့ Rupert Murdoch က ပြောပါတယ်။ “ ဘယ်အလုပ်ပဲဖြစ်ဖြစ် အနည်းနဲ့အများ ပင်ပန်းတာချည်းပါပဲ၊ ဘယ်အရာကမှ လွယ်လွယ်လေး ရတာမရှိပါဘူး။ ဒါပေမဲ့ အလုပ်လုပ်ရင်းနဲ့ ပျော်ရွှင်စရာတွေ ဖန်တီးပါ။ ငါဆို အမြဲတမ်း အလုပ်လုပ်တဲ့အခါ ပျော်နေရပါတယ် “ တဲ့။ 

နောက်တစ်ချက်က Good ပါ။ ဘယ်အရာမဆို ဘယ်အလုပ်မဆို အကောင်းဆုံးဖြစ်အောင် လုပ်ပါ။ ဒီနေရာမှာ ထူးထူးခြားခြား ဘာမျက်လှည့်မှ မရှိပါဘူး။ အမြဲတမ်း ကျွမ်းကျင်မှု ရှိအောင်သာ လေ့ကျင့်ယူပါ။ ပြီးတော့ အကောင်းဆုံးတွေ လုပ်ဆောင်ပါ။

နောက်တစ်ချက်ကတော့ Focus ပါ။ “ အလုပ်တစ်ခုထဲပေါ်မှာပဲ မင်းကိုယ်မင်း အာရုံစိုက်ပြီး လုပ်ပါ။ “ လို့ Norman Jewison က ပြောဖူးပါတယ်။ ဟိုဟာလုပ်လိုက် ဒီဟာလုပ်လိုက် လုပ်နေမယ့်အစား အတတ်ပညာ သို့ အသိပညာ တစ်ခုခုကို သေချာ ကျွမ်းကျင်ပြီး သိနားလည်အောင် လုပ်ထားတာက အကောင်းဆုံးပါ။

နောက်တစ်ချက်က Push ပါ။ ငါမလုပ်နိုင်သေးဘူး၊ ငါမတော်လာသေးဘူး စသဖြင့် အမြဲတွေးပြီး ပိုမို လေ့လာ သင်ယူပါ။ ကိုယ့်ကိုယ်ကိုယ် တွန်းအားပေးပါ။ ဥပမာ - ကိုယ်က ကွန်ပျူတာပညာရပ်ကို ကျွမ်းကျင်ချင်တယ်ဆိုရင် နေ့တိုင်း အပျင်းစိတ် မဝင်လာအောင် တွန်းအားပေးပြီး လေ့လာပါ။

နောက်တစ်ချက်က Improve ပါ။ မိမိလုပ်တဲ့အရာတွေကို အမြဲ တိုးတက်လာအောင် လုပ်ပါ။ တစ်နေ့ထက် တစ်နေ့ ပိုကောင်းလာအောင် လုပ်ဆောင်ပါ။

နောက်တစ်ချက်က Serve ပါ။ လူငယ်တော်တော်များများက မီလျံနာ ဖြစ်ချင်ကြတယ်။ အိုကေ။ ဒါပေမဲ့ တစ်ခုတော့ ရှိပါတယ်။ မင်းတို့အတွက် မင်းတို့ အလုပ်မလုပ်ရဘူး။ အခြားသူတွေကို တန်ဖိုးတစ်ခုခု ပေးရမယ်၊ ဝန်ဆောင်မှု ပေးရမယ်။ အဲဒါကသာ မင်းတို့ကို တကယ် ချမ်းသာစေမယ့် နည်းလမ်း ဖြစ်ပါတယ်။

နောက်တစ်ချက်ကတော့ Ideas ပါ။ Bill Gates က ပြောတယ်။  “ ငါ့မှာ အိုင်ဒီယာတစ်ခုရှိတယ်၊ အဲဒါကတော့ ပထမဦးဆုံး Micro-Computer Software ကုမ္ပဏီတစ်ခု တည်ထောင်ဖို့ပါပဲ “ တဲ့။ တကယ်ကို ကောင်းတဲ့ အိုင်ဒီယာတစ်ခု ဖြစ်ခဲ့တာကြောင့် သူဟာ အောင်မြင်တဲ့သူတစ်ဦး ဖြစ်ခဲ့ပါတယ်။

အိုင်ဒီယာကောင်းတစ်ခု ရဖို့ဆိုရင် လေ့လာပါ၊ သင်ယူပါ၊ သိလိုစိတ် ပြင်းပြပါ၊ မေးခွန်းမေးပါ၊ ပြဿနာတွေကို ဖြေရှင်းပါ၊ မပုန်းရှောင်ပါနဲ့။

နောက်ဆုံးတစ်ချက်ကတော့ Persist ပါ။ ခံနိုင်ရည်ရှိခြင်းဟာ အောင်မြင်ခြင်းရဲ့ နံပါတ်တစ် အကြောင်းရင်းတစ်ခု ဖြစ်ပါတယ်လို့ Joe Kraus က ပြောပါတယ်။ အမှန်ပါပဲ။ အရှုံးတွေကို ကြံ့ကြံ့ခံနိုင်မှသာ သင့်ကို အောင်မြင်မှုနဲ့ နီးစေမှာပါ။ 

Su Mon Oo ( Mine )
Richard St. John
 

<< Back
Education Life Style Read 465 times

Featured categories

All categories